
ပူပြီနော်၊ ကားအတွင်းခန်း အေးအောင်လုပ်ထားပါ
![]() ရာသီဥတုပူလာတော့မယ်လို့ ပညာရှင်တွေသုံးသပ်ထားတဲ့အတွက် အဲသည်ပူပြင်းတဲ့ရာသီအတွင်းမှာ သင့်ကားအတွင်း အပူဒဏ်ကို ဘယ်လို ကာကွယ်မလဲဆိုတာကလည်း အရေးပါလာပါတယ်။ အကောင်းဆုံးကတော့ အပူချိန်အများဆုံး နေ့လယ်အချိန်တွေမှာ ကားရော လူရောအပြင်မထွက်တာပါပဲ။ မတတ်သာလို့ ကားနဲ့အပြင်ထွက်ကြရရင်တော့ ဖော်ပြထားတဲ့အချက်တွေကိုသိရှိလိုက်နာရမှာဖြစ်တယ်။ နေကာတွေ အပူဒဏ်ကို ကာကွယ်ဖို့ တံခါးမှန်တွေနောက်မှာ လိုက်ကာတွေတပ်ဆင်ထားဖို့ လိုအပ်သလို လေကာမှန်အပေါ်မှာဖုံးအုပ်ဖို့ နေကာတွေကို ကားထဲမှာအမြဲဆောင်ထား သင့်ပါတယ်။ ရေဖျန်းပါ နေပူထဲမှာ ကားကိုရပ်ထားမယ်ဆိုရင် ကားကိုယ်ထည်ပေါ်မှာ ရေဖျန်းထားပြီးအတွင်းခန်းအပူချိန်ကို လျှော့ချနိုင်ပါတယ်။ အဲသည်အတွက် ရေဘုံဘိုင်နဲ့အနီးဆုံးအနေအထားဖြစ်ရပါမယ်။ ကားနဲ့ သယ်ယူသွားနိုင်တဲ့ ကားရေဆေးကိရိယာလေးတွေဆောင်ထားသင့်ပါတယ်။ လက်ကိုင်စပရေးဘူးကို အသုံးပြုပြီးလည်းရေဖျန်းနိုင်တယ်။ တံခါးဖွင့် ကားကိုနေပူထဲထားခဲ့ပြီး ပြန်ရောက်တဲ့အခါချက်ချင်းဝင်မမောင်းပါနဲ့။ ပထမဆုံး ကားတံခါးအားလုံးဖွင့်လိုက်ပြီး စက်နှိုးထားပါ။ အဲကွန်းကို အမြင့်ဆုံးမြှင့်တင်ထားပါ။ နှစ်မိနစ်၊ သုံးမိနစ်လောက်ဖွင့်ပြီး ရပ်တန့်လိုက်တဲ့အခါ ကားအတွင်းခန်းထဲမှာ အပူဓာတ်တွေထွက်သွားပြီး လတ်ဆတ်တဲ့အပြင်လေနဲ့ လဲလှယ်ပြီးသားဖြစ်သွားပါမယ်။အဝေးပြေးလမ်းတွေမှာ ခရီးသွားတဲ့အခါ ရပ်နားတဲ့အခါတိုင်းမှာလည်း ကားတံခါးတွေအကုန်ဖွင့်ပြီး ပြင်ပလေနဲ့အတွင်းခန်းလေကိုလဲလှယ်တာမျိုးပြုလုပ်ပေးသင့်ပါတယ်။ မှန်ချန်ပိတ်ပါ ကားတံခါးပိတ်တာနဲ့ပတ်သက်ပြီး အယူအဆနှစ်မျိုးရှိပါတယ်။ အဆင့်မြင့် ကားကြီးတွေမှာ ပြင်ပအပူကိုကာကွယ်ထားနိုင်လို့ မှန်အလုံပိတ်ပြီးထားခဲ့နိုင်ပေမဲ့ သာမန်ကား လေးတွေအနေနဲ့ မှန်အလုံပိတ်တာဟာ အပြင်က အပူတွေဝင်ရောက်ပြီး ပြန်မထွက်နိုင်လို့ အပူတွေထိန်းထားသလိုဖြစ်နေပါတယ်။ စက်နှိုးပြီး အဲကွန်းဖွင့်ထားခဲ့ ရင်လည်း လူမရှိတဲ့အတွက် လုံခြုံစိတ်ချမှုမရှိနိုင်ပါဘူး။ အဲဒါကြောင့် ကားတံခါးမှန်တွေကို နှစ်လက်မလောက်ချန်ပြီးပိတ်ရပါမယ်။ အဲကွန်းကြိုပြင် ကားအတွင်းခန်းမှာ အဲကွန်းစနစ်ကိုအသုံးပြုတဲ့အခါ ပြင်ပအပူချိန်နဲ့ ကားအတွင်းခန်း အပူချိန်ကိုသိပ်ကွာခြားစေတာမျိုးမဖြစ်သင့်ပါဘူး။ အရေပြားထိခိုက်တာမဖြစ်စေဖို့ မျက်နှာနဲ့ ခန္ဓာကိုယ်တည့်တည့်ကို အဲကွန်းလေတွေတိုက်ရိုက်မကျရောက်စေဖို့ လေထွက်ပေါက်ကိုလွှဲထားသင့်ပါတယ်။အဲကွန်းမဖွင့်တာကြာရင် ဂက်စ်နဲ့စက်ကိရိယာအစိတ်အပိုင်းတွေအလုပ်မလုပ်တာ၊ ဂက်စ်စီးဆင်းလမ်းကြောင်းတွေ ပိတ်ဆို့တာတွေဖြစ်တတ်ပါတယ်။ အဲကွန်းစနစ်ဟာ အင်ဂျင်ပါဝါကို ပိုမိုရယူအသုံးပြုရတဲ့အတွက် ကားအင်ဂျင်ဟာ သာမန်ထက်ပိုပူလာပြီး အင်ဂျင်အပူရှိန်လွန်ကဲလာတတ်ပါတယ်။ အဲဒါကြောင့် အဲကွန်းစနစ်ကိုကြိုတင် စစ်ဆေးပြုပြင်တာတွေ ပြုလုပ်သင့်ပါတယ်။ အဲကွန်းမအေးတော့ဘူးဆိုရင် ကွန်ဒင်ဆာ (condenser) ပျက်စီးတာ၊ ကွန်ပရက်ဆာ (compressor)အက်ကွဲတာ၊ လည်ပတ်စေတဲ့ကြိုး (belt) ပျက်စီးတာ၊ ကလပ် (clutch)ချို့ယွင်းတာ၊ ဖိအားပေးစနစ်ချို့ယွင်းတာ၊ ဗားကအလုပ်မလုပ်တာစတဲ့ ပြဿနာတွေရှိနိုင်တယ်။အဲကွန်းကိုကြာရှည်ပိတ်ထားပြီး စတင်အသုံးပြုမိတဲ့အခါ အဲကွန်းထဲကဆိုးရွားတဲ့ အနံ့အသက်တွေထွက်လာတတ်ပါတယ်။ အဲကွန်းကို ကြာရှည်ပိတ်ထားတဲ့အတွက် အထဲမှာ ဘက်တီးရီးယားနဲ့မှိုတွေအများအပြားပေါက်ပွားနေခဲ့တာဖြစ်လို့ အနံ့ဆိုးတွေထွက်နေတာဖြစ်တယ်။ အဲကွန်းကို သန့်စင်ဖို့လိုအပ်နေတာပါ။ ပုံမှန်မဟုတ်တဲ့အသံတွေ မြည်လာတာကတော့ ပျက်စီးတော့မယ့်ဆဲဆဲ ကွန်ပရက်ဆာက အသံတွေထွက်တာပါ။ အဲကွန်းရဲ့အခြားအစိတ်အပိုင်းတွေက ချို့ယွင်းရင် လည်း အသံမြည်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ချောဆီမဟုတ်တာ မှားယွင်းအသုံးပြုမိရင်လည်း အသံမြည်နိုင်ပါတယ်။ အဲကွန်းဖွင့်လိုက်တာနဲ့ ကားရဲ့အတွင်းခန်းက စိုထိုင်းထိုင်းဖြစ်နေတဲ့ လေတွေကိုခံစားရရင်တော့ အဲကွန်းစနစ်အတွင်းမှာ စိုထိုင်းဆများနေတာပါ။ ဒါမှမဟုတ်အကျိုးအပဲ့ ပစ္စည်းအစအနတွေနဲ့ အမှိုက်သရိုက်တွေ အဲကွန်းထဲမှာရှိနေတာပါ။ ကားအဲကွန်းယိုစိမ့်တာမျိုး တစ်ခုခုဖြစ်နေလားစစ်ဆေးသင့်ပါတယ်။ ယိုစိမ့်တာကနေ အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေပျော်ဝင်ပါရှိလာနိုင်တာက သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေနိုင်သလို ကားအင်ဂျင်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အအေးပေးစနစ် ပူပြင်းတဲ့ရာသီမှာ အင်ဂျင်အပူလွန်ကဲတာအများဆုံးဖြစ်နိုင်ပါတယ်။ အအေးပေးစနစ် ချို့ယွင်းလို့ဖြစ်တာများပါတယ်။ အအေးပေးစနစ်တွေဖြစ်တဲ့ အင်ဂျင်အတွင်း လည်ပတ်စီးဆင်းတဲ့ အင်ဂျင်ဝိုင်စနစ်၊ ရေတိုင်ကီလို့ခေါ်တဲ့ ရေဒီယေတာစနစ်နဲ့ အအေးပေးပန်ကာတွေကို စစ်ဆေးရပါမယ်။ အင်ဂျင်အပူလွန်ကဲတာမျိုးမဖြစ်အောင် ထိန်းသိမ်းပေးနိုင်ရင် အတွင်းခန်းက အေးနေပါမယ်။ တာယာစစ်ဆေးပါ ကားဘီးတာယာတွေ ပွိုင့်မရှိတော့ဘဲသက်တမ်းလွန် တာယာတွေဖြစ်နေရင် ပူပြင်းတဲ့ရာသီမှာ တာယာကွဲထွက်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ အဲဒါကြောင့်တာယာ တွေကောင်း မကောင်းစစ်ဆေးလဲလှယ်ပြီးမှ ခရီးဝေးမောင်းနှင်သင့်ပါတယ်။ တာယာလေပေါင်ဟာ ပူပြင်းတဲ့ရာသီမှာ ပုံမှန်ထက်လေပေါင်ချိန် ပိုတိုးလာလေ့ရှိပါတယ်။ အဲဒါကြောင့် လေပေါင်ချိန်ဟာအုံနာဘုတ်မှာပါတဲ့အတိုင်းဖြစ်သင့်ပြီး ယာဉ်မောင်းသူအနေနဲ့ လေပေါင်ချိန်အနေအထားကို အမြဲစောင့်ကြည့်သတိပြုသင့်ပါတယ်။ အိတ်ဇောပိတ်တာ ကားရဲ့အိတ်ဇောပိတ်ဆို့တဲ့အခါ အပူရှိန်နဲ့ မီးခိုးတွေက အင်ဂျင်ဆီပြန်လာတဲ့အတွက် အင်ဂျင်အပူရှိန်လွန်ကဲတတ်ပါတယ်။ လေကာမှန် ပူပြင်းတဲ့နေရောင်အောက်မှာ လေကာမှန်ကတစ်ဆင့် ရှေ့မြင်ကွင်းတွေကို အာရုံစိုက်ရတာဖြစ်လို့ အညစ်အကြေးတွေနဲ့ မှုန်ဝါးနေတဲ့ လေကာမှန်ဟာအမြင်အာရုံကို ရှုပ်ထွေးစေတယ်။ အဲဒါကြောင့် လေကာမှန်ကိုကြည်လင်နေအောင် သန့်ရှင်းပေးသင့်ပါတယ်။ Credit:Kumudra |
