
ကားဂီယာမှာ ဖြစ်တတ်တဲ့ ပြဿနာ ဆယ်မျိုး
![]() ကားကိုထိန်းချုပ်မောင်းနှင်ရာမှာ လုံခြုံစိတ်ချရစေဖို့ ဂီယာကောင်းမွန်နေဖို့ကလည်းအရေးကြီးပါတယ်။ သင့်ကားရဲ့ဂီယာမှာဖြစ်တတ်တဲ့ ပြဿနာတွေကိုလည်း လေ့လာထားသင့်ပါ တယ်။ ၁။ ချက်မီးလင်းတာ ခုနောက်ပိုင်းတင်သွင်းလာတဲ့အဆင့်မြင့်ကားတွေမှာ အင်ဂျင်ချက်မီး (check engine light)လင်းလာပြီး ပြဿနာရှိတဲ့နေရာကိုအတိအကျဖော်ပြပေးနိုင်ပါတယ်။ အချက်အလက်တွေကို ကွန်ပျူတာ ဆီပေးပို့ပြီး ကွန်ပျူတာရဲ့အဆုံးအဖြတ်နဲ့ အချက်ပြသတိပေးနိုင်တာဖြစ်တယ်။ ၂။ အသံမြည်တာ ဂီယာကို အသုံးပြုတဲ့အခါ ဂလောင်ဂလင်အသံ ဒါမှမဟုတ်တစီစီမြည်သံနဲ့ ညည်းညူသံလိုမျိုးတွေထွက်နေရင် ဂီယာစနစ်မှာ ပြဿနာရှိနေလို့ပါ။ အဲဒါဟာ ကားအမျိုးအစားအလိုက် ကွဲပြားတဲ့ဂီယာစနစ် တွေအရအသံထွက်ပုံမတူညီနိုင်ပါဘူး။ အမြန်ဆုံးကျွမ်းကျင်သူနဲ့ပြသပြီး စစ်ဆေးပြုပြင်ရပါမယ်။ ၃။ တုံ့ပြန်မှု ကင်းမဲ့တာ ဂီယာကို အသုံးပြုတဲ့အခါတုံ့ဆိုင်းတာ၊ ဂီယာပြောင်းလို့မရတာတွေဖြစ်တတ်ပါတယ်။ အော်တိုဂီယာစနစ်မှာတုံ့ ပြန်မှုကင်းမဲ့တာကတူညီပါတယ်။ သိသာထင်ရှားတာက park ဒါမှမဟုတ် drive ကိုရွေးချယ်တဲ့အခါမှာပါ။ ဂီယာစနစ်မှာ ပြဿနာရှိနေပြီဆိုတာကို ညွှန်ပြနေတာပါ။ ၄။ ဂီယာပြောင်းလို့မရတာ ဂီယာကိုရပ်တန့်ထားရာက နံပါတ်(၁)ကို ပြောင်းလို့မရတာ ဒါမှမဟုတ်ရောက်ရှိနေတဲ့ နေရာကထေပ်ပြီး ပြောင်းလို့မရတာကို မန်နျူရယ်ဂီယာတွေမှာကြုံရတတ်ပါတယ်။ အဲဒါဟာဂီယာဆီလျော့နည်း နေတာဖြစ်ဖို့ များပါတယ်။ ဂီယာဆီကိုစစ်ဆေးပြီးအပြည့်ရှိနေတယ်ဆိုရင်တော့ shift cables ဆက်စပ်ချိန်ညှိပေးတဲ့ ကြိုးတွေမှာ လိုအပ်ချက်ရှိနေတာ ဒါမှမဟုတ် ကလပ်(clutch) ကွင်းဆက်မှာ ချို့ယွင်းချက်ရှိတာတွေဖြစ်နိုင်ပါတယ်။ ၅။ ဂီယာလွဲချော်တာ အော်တိုဂီယာပဲဖြစ်ဖြစ်၊ မန်နျူရယ်ဂီယာပဲဖြစ်ဖြစ်၊ ဂီယာပြောင်းတာ လွဲချော် (slip)နေပြီဆိုရင် မောင်းနှင်နေစဉ်မှာအရှိန်ထပ်မြှင့်တင်တာတွေမလုပ်သင့်ပါဘူး။ ဂီယာကို မူလနေရာပြန်ထားရပါမယ်။ အန္တရာယ်အလွန်များပါတယ်။ အဲဒါကြောင့် ဂီယာ slip ဖြစ်တာနဲ့ အမြန်ဆုံးစစ်ဆေးပြုပြင်ရပါမယ်။ ၆။ ထိခိုက်မိတဲ့အသံ ဂီယာပြောင်းလိုက်တဲ့အချိန်အသံထွက်လာတာဟာ ဂီယာစနစ်ချို့ယွင်းနေတာကိုအသိပေးလိုက်တာပါ။ သတ်မှတ်ထားတဲ့ ဂီယာဆီအမျိုးအစားကိုသုံးစွဲတာမျိုးမဟုတ်တဲ့အတွက်ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဂီယာစနစ်အတွင်း မက္ကင်းနစ်ပိုင်းဆိုင်ရာအစိတ်အပိုင်းတွေချွတ်ယွင်းတာလည်း ဖြစ်နိုင်ပါတယ်။ ၇။ ကလပ်က တရွတ်ဆွဲနေတာ မန်နျူရယ်ဂီယာမှာကလပ်နင်းလိုက်တဲ့အခါ တရွတ်ဆွဲနေတာမျိုးဖြစ်တတ်ပါတယ်။ ကလပ်နဲ့အချိတ်အဆက်လွတ်နေတာဖြစ်လို့ စိုးရိမ်စရာအနေအထားဖြစ်ပါတယ်။ ဆက်သွယ်တဲ့ကြိုးနဲ့ ကွင်းဆက်တွေမှာ ချို့ယွင်းချက်ရှိပြီး ကလပ်လွတ်နေတာဖြစ်နိုင်ပါတယ်။ ၈။ ကြိတ်ခြေတုန်ခါနေတာ မန်နျူရယ်နဲ့ အော်တိုဂီယာ နှစ်မျိုးစလုံးမှာ ပုံမှန်အလုပ်မလုပ်တဲ့အချိန်တွေမှာဖြစ်တတ်ပါတယ်။ ဂီယာကိုအသုံးပြုတဲ့အခါ ပုံမှန်တုံ့ပြန်မှုတွေမရပါဘူး။ မန်နျူရယ်ဂီယာမှာ အသုံးပြုတဲ့အခါကြိတ်ခြေတဲ့အသံတွေထွက်လာတယ်။ ကလပ်ကိုအပြည့်နင်းတဲ့အခါမှာလည်း အဲသည်အသံတွေထွက်နေတယ်။ ကလပ်နဲ့ဂီယာအစိတ်အပိုင်းတွေ ပြန်လည်ချိန်ညှိတပ်ဆင်ဖို့လိုအပ်နေတာပါ။ ၉။ ဂီယာဆီ ယိုစိမ့်တာ ဂီယာဆီယိုစိမ့်တာဟာ ဂီယာစနစ်ကိုအထူးဂရုစိုက်စစ်ဆေးဖို့ လိုအပ်နေပြီဆိုတာကိုညွှန်ပြနေတာပါ။ အော်တိုဂီယာဆီက မည်းညစ်နေတာ၊ ညှော်နံ့ထွက်နေတာဆိုရင်အသစ်လဲလှယ်ရပါမယ်။ ၁၀။ ညှော်နံ့ထွက်လာတာ ဂီယာထဲက ညှော်နံ့ထွက်လာပြီဆိုရင် ဂီယာအပူလွန်ကဲတာပါ။ ဂီယာစနစ်မှာပါဝင်တဲ့ ဂီယာဆီဟာ တောက်ပတဲ့အနီရောင်ရှိတယ်။ သန့်ရှင်းတယ်။ အနည်းငယ်မွှေးပျံ့တဲ့အနံ့ရှိပါတယ်။ ဂီယာဝိုင်လျော့ နည်းတာ၊ ဆီကမသန့်စင်တော့ဘဲ အညစ်အကြေးတွေများနေတာက လောင်ကျွမ်းမှုဖြစ်ပြီး ညှော်နံ့ထွက်လာစေပါတယ်။ ဂီယာစနစ်ချွတ်ယွင်းတော့မယ်ဆိုတာကို သတိပေးလိုက်တာပါပဲ။ Credit:Kumudra |
